ခန္ဓာကိုယ်က အဆိပ်တောက်ကင်းအောင်၊
ဝိတ်ကျအောင်၊ အသားရည်စိုပြေလာအောင် စတဲ့
အကြောင်းမျိုးစုံနဲ့ ဒီနေ့ခေတ်မှာ Detox လုပ်ခြင်းဟာ လူအများကြားရေပန်းစားလာကြပါတယ်။ သဘာဝသစ်သီးတွေနဲ့ ပြုလုပ်ထားတဲ့ Detox အရည်ရှိသလို ၊ ထိုင်း နဲ့ တရုတ်ဘက်က ဝင်တဲ့ Detox အမှုန့်လို့ခေါ်တဲ့ မှုန့်တွေလဲဈေးကွက်အတွင်းဝင်ရောက်လာနေပါတယ်။

ဒါပေမယ့် Detox ကို လုပ်မှ ဖြစ်မှာလား။ မလုပ်ရင်ရင်ရော အဆိပ်အတောက်တွေက ခန္ဓာကိုယ်မှာ အောင်းနေတော့မှာလား?
ကျွန်တော်တို့ ခန္ဓာကိုယ်က ကျွန်တော်တို့ကျန်းမာရေးအတွက် နေ့စဉ် စည်းချက်မှန်မှန် အလုပ်လုပ်နေပါတယ်။ သဘာဝအတိုင်း Detoxလုပ်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ filter တွေ ဖြစ်တဲ့ အစာခြေစနစ်၊အူလမ်းကြောင်း၊အရေပြား၊အသည်း၊ကျောက်ကပ် တွေက နေ့စဉ် Detox လုပ်နေတာပါ။ ဆီးဝမ်းတွေသွားတာ၊ ချွေးထွက်တာ စတာတွေက လူတွေသတိမထားမိပေမယ့် နေ့တိုင်း အဆိပ်အတောက်တွေ ဖယ်ပေးနေတာပါ။
Detox လုပ်ဖို့ တကယ်လိုလား?
Detox လုပ်တယ်ဆိုတာ အဖက်မစားဘဲ သဘာ၀ အသီးအနှံ တွေကို ကြိတ်သောက်ပြီး အချိန်ကြာကြာအဆာခံတာ စတာတွေကို တစ်ရက် ၊တစ်ပတ် စတဲ့ ရက်ပိုင်း လပိုင်း အနေနဲ့ လုပ်ကြတာပါ။ အချိန်ပိုင်း အစာငတ်ခံတာ အသီးအရွက်တွေပဲ ကြိတ်သောက်တာ ကစီဓာတ်လုံးဝဖြတ်ပြီး အသီးအရွက်ပဲစားတာ Detox ကော်ဖီတွေ၊ ဆေးတွေ၊ ဖြည့်စွက်အာဟာရမှုန့်တွေ သောက်တာ အူလမ်းကြောင်းဆေးတာ (ဝမ်းနှုတ်ဆေးတွေ သောက်ပြီး ရှင်းတာ များပါတယ်၊၊ အူမကြီး မှန်ပြောင်းကြည့်ခါနီး ကြိုပြင်တာနဲ့ တူပါတယ်၊၊) ချွေးပုပ်ထုတ်တာ စသဖြင့် မျိုးစုံရှိပါတယ်၊၊
ပုံမှန်ဆိုရင် နေ့တိုင်း ဆီပြန်ဟင်းတွေ၊ အကြော်အလှော်တွေ၊ အချိုအငန်အဆီအစိမ့်တွေ စတဲ့ ကျန်းမာရေးနဲ့မညီညွတ်တာတွေကို စားနေကြတာပါ၊၊ Detox လုပ်တဲ့ရက်တွေမှာတော့ ဒီလို Unhealthy foodတွေကနေ ခဏနားလိုက်ပြီး အသီးအရွက်တွေစား၊ အစားတွေ လျှော့စားပြီး ခန္ဓာကိုယ်ကို အနားပေးလိုက်တာပါ၊၊
ဒီအခါမှာ တချို့က Planလည်း ပြီးရော ဝိတ်ကျသွားတယ်တို့၊ နေရတာ ပေါ့လာတယ်လို့ ဖြစ်လာပါတယ်၊၊ Plan ပြီး ပုံမှန်အတိုင်း ပြန်စားရင်တော့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတာပေါ့။
Detox တွေက တကယ်အလုပ်ဖြစ်ရဲ့လား၊၊
Detoxနဲ့ ပတ်သက်ပြီး လေ့လာထားတာတွေက နည်းနေသလို ကောင်းတယ်ဆိုပြီး ထွက်ထားတာတွေကလည်း တိတိကျကျ၊ လူများများနဲ့ လေ့လာထားတာ မဟုတ်ပါဘူး၊၊
၂၀၁၅ ခုနှစ်က ထွက်ခဲ့တဲ့ လေ့လာချက်မှာ Detox dietတွေက ကိုယ်အလေးချိန်ကျဖို့၊ အဆိပ်အတောက်တွေ ထုတ်ဖို့အတွက် ထိရောက်မှု မရှိဘူးလို့ ဆိုထားပါတယ်၊၊ ၂၀၁၇ ခုနှစ်က စာတမ်းမှာတော့ Detoxစလုပ်စမှာ ပိန်သွားသလို ခံစားရပေမယ့် ပုံမှန်အတိုင်း ပြန်စားတဲ့အခါ ကိုယ်အလေးချိန်ပြန်တက်လာတာကို တွေ့ရပါတယ်၊၊ ရေရှည်မှာ Detoxက တကယ်ပဲ အလုပ်ဖြစ်သလားဆိုတာနဲ့ ပတ်သက်ပြီး လေ့လာချက်တွေလည်း မရှိသေးပါဘူး၊၊
Detox လုပ်ပြီး ပိန်သွားတယ်၊ နေရတာ ပေါ့သွားတယ်လို့ ထင်ရတာ ဘာကြောင့်လဲ၊၊
Detoxလုပ်လိုက်တာ planလည်း ပြီးရော ဗိုက်ချပ်သွားတယ်တို့၊ ဘယ်နှပေါင်ကျသွားတယ်တို့ ပြောတာ ကြားဖူးမှာပါ၊၊ ဒါက အဆီကျသွားတာ မဟုတ်ပါဘူး၊၊ ရေဝိတ်ကျသွားတာပါ၊၊ ဒါ့ပြင် နေ့စဉ်အသီးအရွက်တွေပဲ စားတဲ့အခါကျတော့ ဝမ်းမှန်ပြီး နေရတာ ပေါ့လာတာပဲ ဖြစ်ပါတယ်၊၊
နေ့စဉ် အာဟာရမဖြစ်တဲ့ အဆီအစိမ့်တွေ၊ အချိုကဲတာတွေပဲ စားနေရာကနေ အသီးအရွက်စား၊ ရေများများသောက်တာ ဒါမှမဟုတ် ဘာမှမစားဘဲ နေလိုက်တဲ့အခါကျတော့ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်၊ ရေဓာတ်တွေရပြီး နေလို့ကောင်းလာတာပဲ ဖြစ်ပါတယ်၊၊ ပုံမှန်ဆို အသီးအရွက်စားတာရော၊ ရေသောက်တာရော နည်းကြတာကိုး၊၊ ရေဆာလည်း အချိုရည်ပဲ သောက်ကြတယ်လေ၊၊
နောက်တစ်ခုက စိတ်ကြောင့်ပါ၊၊ ကျန်းမာရေးနဲ့ ညီညွတ်တာပဲ စားနေတာ၊ နေလို့ကောင်းတော့မှာဆိုပြီး ယူဆတဲ့အတွက် စိတ်ဖိစီးတာတွေလည်း သက်သာပြီး နေလို့ထိုင်လို့ ကောင်းတာပဲ ဖြစ်ပါတယ်၊၊
ဒါပေမယ့် ဒါတွေက ယာယီပဲ ဆိုတာ သိထားဖို့ လိုပါတယ်၊၊ Planရပ်ပြီး ပုံမှန်အတိုင်း ပြန်စားတဲ့အခါမှာ နဂိုအတိုင်း ဖြစ်သွားနိုင်ပါတယ်၊၊
ဒါဆို Detoxကို ရေရှည်စွဲလုပ်လို့ မရဘူးလား၊၊
Detoxက Balanced diet မျှတတဲ့ အာဟာရမဟုတ်ပါဘူး၊၊ ဆိုလိုတာက Detoxပဲ ရေရှည်လုပ်မယ်ဆိုရင် အာဟာရချို့တဲ့လာမှာပါ၊၊ ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်တဲ့ ကယ်လိုရီတွေ၊ အသားဓာတ်တွေကို လုံလုံလောက်လောက် ရမှာ မဟုတ်ပါဘူး၊၊ ဒါ့ပြင် အသီးအရွက်တွေပဲ စားတဲ့အတွက် လေပွတာ၊ အစာမကြေတာလိုမျိုး အူလမ်းကြောင်း ပြဿနာတွေ ခံစားရတတ်ပါတယ်၊၊
ဝမ်းချူပြီး အူလမ်းကြောင်း သန့်တဲ့ နည်းဆိုရင် ရေဓာတ်ဆုံးရှုံးမှု များတာကြောင့် နေထိုင်မကောင်း ဖြစ်တတ်ပါတယ်၊၊
ဒါကြောင့် Detox planတွေကို ရက်ပိုင်း ဒါမှမဟုတ် တစ်လလောက်ပဲ ဆွဲကြတာပါ၊၊
ဒါဆို Detoxမလုပ်သင့်ဘူးလား၊၊
Detox လုပ်တယ်ဆိုတာ နေ့စဉ်စားနေတဲ့ အာဟာရမဖြစ်၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကနေ ခဏနားပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အကျင့်တွေ ဖြစ်တဲ့ ရေများများသောက် အသီးအရွက်များများစားတဲ့ဘက်ကို ခဏပြောင်းလိုက်တာ ဖြစ်ပါတယ်၊၊ ဒါကို အတုယူပြီး နေ့စဉ်စားသောက်တဲ့ထဲမှာ အဆီအစိမ့်တွေ၊ အချိုတွေ၊ အသင့်စားအစားအသောက်တွေကို လျှော့ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပုံစံကို အမြဲစားပေးမယ်ဆိုရင် တကူးတက Detoxလုပ်စရာတောင် မလိုပါဘူး၊၊
စားတိုင်း စားတိုင်းမှာ သတိလေးကပ်ပြီး ပမာဏကို ချင့်ချိန်မယ်၊၊ အာဟာရရှိတာကိုပဲ ရွေးစားမယ်ဆိုရင် Detoxမလုပ်လည်းပဲ ခန္ဓာကိုယ်က သန့်စင်ပြီး ကျန်းမာနေမှာ ဖြစ်ပါတယ်၊၊
လူကြီးမင်းတို့ ကျန်းမာရေးအတွက် ကိုယ့်ကိုယ် သံသယဝင်စရာ ရောဂါလက္ခဏာတစ်ခုခု ရှိလာပြီးဆိုရင် အင်ကြင်းဖြူအဆင့်မြင့်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းမှာ လာရောက်ဆွေးနွေးစစ်ဆေးလို့ရပါပြီ။
Main Ref : Hellosayarwon Other Ref: https://www.healthline.com/nutrition/detox-water-101 https://www.healthline.com/nutrition/detox-water-101...
Accuracy, Timeliness, Expertise အဆင့်မြင့် ရောဂါရှာဖွေရေး ဓါတ်ခွဲခန်း အမှတ် (၅၁/I)၊ လမ်း ၃၀၊ ၇၇x၇၈ လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။ Hot Line: 09450855777
အင်ကြင်းဖြူမှ သတင်းအချက်လက်များနှင့် ဆေးပညာဆိုင်ရာ ဗဟုသုတများကို Telegram channel မှာ subscribe လုပ်ပြီး ဖတ်ရှုနိုင်ပါပြီ Ingyin Phyu Telegram channel : https://t.me/igphealthcare
Comments